မန္တလေးတိုင်းဒေသကြီး၊
ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ
ကျောက်မျက်ရတနာ ရောင်းဝယ်ရေးဆိုင်သို့ ကျောက်လာဝယ်သူ
တရုတ်နိုင်ငံသားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ
ကျောက်မျက်ထည်များခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ
ကျောက်မျက်ရတနာဆိုင်၏ ပြောကြားချက်အရ သိရှိရသည်။
အဆ...ိုပါနေ့
မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က တရုတ်နိုင်ငံသား နှစ်ဦးသည်
ပတ္တမြားအပွင့်ထဲမှ အရည်ကောင်းကို ဝယ်ယူရန် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိ
နီလာ၊ စိန်ပတ်လည် လက်စွပ်တစ်ကွင်း နှင့် ကျပ်သိန်း ၅၀ တန်ဖိုးရှိ
ကျောက်စိမ်း၊ စိန်၊ ရွှေပါဆွဲသီးတစ်ခု ကြည့်ရှုပြီးနောက်
ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး
ထံမှ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် ဆိုင်တာဝန်ခံကို
ဗီဇာကတ်ဖြင့် ဝယ်ယူ၍ ရမည်လားဟုမေးပြီး ပြန်လာမည်ဟု ပြောကာ
ထွက်သွားပြီးနောက် ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ
ရဲတပ်ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။
"အခု ရဲက လိုက်နေတုန်းပဲ
ရှိသေးတယ်။ အမှုဖွင့်ထား ပါတယ်" ဟု အောင်သပြေ ကျောက်မျက်ရောင်းဝယ်ရေး
ဆိုင်လုပ်ငန်းရှင် ဦးကျော်ကျော်ခိုင်က The Voice သို့ ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ဆိုင်အရောင်း တာဝန်ခံက
ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း တွင် တရားလိုပြု၍ အမှုအမှတ်
(ပ)၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အရ အမှုဖွင့် တိုင်တန်းထားကြောင်း အဆိုပါ
ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
(ဖြိုးဖြိုးဇော်)
The Voice Weekly
No comments:
Post a Comment