Timeline Photos
..........................
ရန်ကုန်၊ ဇွန် ၎
ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုး အိမ်ထောင်တစ်ခုလျှင် ကလေး နှစ်ဦးသာယူရန် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်ရှိ မြို့နယ် တိုင်းတွင်ကျင့်သုံးရန် စစ်တွေမြို့၌ ဒေသခံ ၃၀၀၀ ကျော်က ဇွန်လ ၄ ရက်နေ့က စီတန်း လှည့်လည်ဆန္ဒပြခဲ့သည်။
မောင်တောခရိုင်တွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ထောက်ခံပြီး မြို့နယ်တိုင်းတွင် ကျင့်သုံးရေး၊ ဘင်္ဂါလီလူမျိုး လူဦးရေစာရင်းကောက်ခံနေသည့် မြေပုံဆွဲ၊ မှတ်တမ်းတင်၊ စစ်ဆေးသည့် စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အပါအဝင် အချက် ၁၃ ချက်ကို တောင်းဆို ဆန္ဒပြခဲ့ကြကြောင်း ရခိုင်လူမှုကွန်ရက်မှ ညှိနှိုင်းရေးမှူး ဦးစိုးနိုင်က ဆိုသည်။
"ဒီတစ်ခါ ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ နိုင်ငံရေးပါတီတွေကပါ ပါဝင်ပူးပေါင်းတယ်" ဟု ၄င်းကပြောကြားသည်။
ဆန္ဒပြသူများသည် အင်္ကျီအဖြူ ရောင် ဝတ်ဆင်ပြီး စစ်တွေမြို့ ဝင်္ကဘာကွင်းမှ စတင်ကာ ဇွန်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တစ်နာရီကြာ စီတန်း လှည့်လည်ခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။
ယင်းဒေသန္တရအမိန့်အရ ဘင်္ဂါလီ အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးသာ လက်ထပ်ခွင့် ရှိပြီး သားသမီးနှစ်ဦးသာ မွေးဖွားခွင့်ရှိကြောင်း၊ အမျိုးသမီးတစ်ဦးထက် ပိုလက်ထပ်ပါက တရားမဝင် ပေါင်းသင်းမှုနှင့် အရေးယူမည်ဖြစ်ပြီး နှစ်ဦးထက်ပိုသည့် ကလေးများကိုလည်း အမည်ပျက် စာရင်း အသွင်းခံရမည်ဖြစ်သည်။
နိုင်ငံနှင့် ပြည်နယ်လုံခြုံရေးအတွက် ၁၉၉၂ ခုနှစ်မှ စတင်ကျင့်သုံးလာသည့် ယင်းအမိန့်ကို ၂၀၁၃ခုနှစ်တွင် ပြန်လည်ကျင့်သုံးရန် သင့် မသင့် ဆုံးဖြတ်နေချိန်တွင် ယင်းသို့ ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂါလီ သားဖွားနှုန်း ထိန်းချုပ်သည့် ဒေသန္တရ အမိန့်သည် လူ့အခွင့်အရေး စံနှုန်းများနှင့် မညီ၍ ပြန်လည်ရုပ်သိမ်း ပေးရန် အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ (HRW) တို့က လွန်ခဲ့သောရက်ပိုင်း အတွင်းက အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။

No comments:
Post a Comment