ရန်ကုန်၊ ဇွန် ၁၃
အကြမ်းဖက်မှုများ ဆက်တိုက်ခံနေရသည့် မလေးရှားနိုင်ငံရောက်
မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ
မလေးရှားသံရုံး ရှေ့တွင် ဇွန်လ ၁၇ ရက်နေ့၌ လူ ၅၀ ခန့် တရားဝင်
ဆန္ဒပြမည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြမှုကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ
ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဦးနေမျိုးဇင်က ပြောကြားသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံ သားများကို အခြားနိုင်ငံခြားသား
များနှင့် တန်းတူ ဘေးကင်းလုံခြုံမှု ရှိစေရန်၊ ကာကွယ်စောင့်ရှောက်ပေးရန်
စာသားပါ ဗီနိုင်းကို ကိုင်ဆောင်၍ တိုက်ပုံနှင့် အမျိုးသားဝတ်စုံကို
ဝတ်ဆင်ကာ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"မြန်မာနိုင်ငံသားတွေ အဖမ်းဆီး ခံရမှုနဲ့ အကြမ်းဖက်ခံရတာတွေ ရပ်ဆိုင်းဖို့
တောင်းဆိုတာ" ဟု ဗိုလ်ကြီးဟောင်းလည်း ဖြစ်သူ နေမျိုးဇင်က ပြောကြားသည်။
မလေးရှားသံရုံး ရှေ့တွင် တရားဝင် ဆန္ဒပြခွင့်ရရန် ဇွန်လ ၁၂ ရက်နေ့က ဒဂုံ
မြို့နယ် ရဲတပ်ဖွဲ့မှူး ထံသို့ ခွင့်ပြုချက် တောင်းခံထားပြီး ဖြစ်ကြောင်း
၎င်းက ဆိုသည်။
မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှုများကို
မြန်မာနိုင်ငံက အထူးကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မလေးရှားနိုင်ငံသို့
သွားရောက်ကာ ဖြေရှင်းနေချိန်ဖြစ်သဖြင့် ဆန္ဒဖော်ထုတ်ရန် သင့် မသင့်
စဉ်းစားပေးရန် ဦးနေမျိုးဇင်ကို မေတ္တာရပ်ခံ ထားကြောင်း ဆန္ဒ
ထုတ်ဖော်ခွင့်ပြုမည်၊ မပြုမည် ကို တရားဝင် ပြန်ကြားပေးမည် ဖြစ်ကြောင်း
ဒဂုံမြို့နယ် ရဲစခန်း၏ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
မလေးရှားနိုင်ငံတွင် မေလ ၂၉ ရက် နေ့ကစတင်ကာ မြန်မာများကို လူအုပ်စုလိုက်
အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံသား အနည်းဆုံးခြောက်ဦး
သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
မလေးရှားနိုင်ငံရောက်
မြန်မာနိုင်ငံသား များကို တရားဥပဒေကြောင်းအရ အကာအကွယ်ပေးရန် မလေးရှား
နိုင်ငံရောက် မြန်မာအတိုက်အခံ အဖွဲ့လေးဖွဲ့က ဇွန်လ ၆ ရက်နေ့က
မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
No comments:
Post a Comment