ဆက်သွယ်ရေးလိုင်စင် ရွေးချယ်မှု မကျေနပ်က ရွေးချယ်ရေးအဖွဲ့ကို တရားစွဲနိုင် ဟုဆို
နေပြည်တော်၊ ဇွန် ၂၉
နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက် ဖြင့် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ
စိစစ်ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေးလိုင်စင်
ရရှိသူနှစ်ဦး၏ အမည်စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ အဆိုပါရွေးချယ်မှုကို
မကျေနပ်ပါက တင်ဒါရွေးချယ်ရေး အဖွဲ့ကို တရားစွဲဆို နိုင်ကြောင်း သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။
နေပြည်တော် စက်မှုဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီး အချို့နှင့်
ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံစဉ် သမ္မတရုံးဝန်ကြီးက အထက်ပါအတိုင်း
ပြောကြားခြင်းဖြစ်သည်။
ဆက်သွယ်ရေးလိုင်စင် ရွေးချယ်ရာတွင်
ကာတာအခြေစိုက် ကုမ္ပဏီကို လိုင်စင် ရွေးချယ်ပေးအပ်ခြင်းမှာ မလိုလားအပ်သည့်
နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက် လာနိုင်ကြောင်း၊ ဘာသာခြား အဖွဲ့အစည်း
တစ်ခုဖြစ်၍ ပြည်သူများက ကန့်ကွက်မှုမျိုး ကြုံလာနိုင်ကြောင်း
အင်တာနက်စာမျက်နှာ များတွင် ဝေဖန်မှုများ ရှိနေသောကြောင့် ဝန်ကြီးက
ယင်းအတိုင်း တုံ့ပြန်ဖြေကြားခြင်း ဖြစ်သည်။
"ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ တန်းတူညီမျှ အခွင့်အရေး
ပေးရပါတယ်။ ခွဲခြားလို့မရဘူး။ ဆက်သွယ်ရေးလိုင်စင် မှာဆို မလေးရှားကလည်း
ပြိုင်တာပဲ၊ အင်ဒိုနီးရှားကလည်း ပြိုင်တာပဲ။ ကော်မတီက အသင့်တော်ဆုံးလို့
ယူဆသူကို ရွေးတာ။ သဘောမတူ မကျေနပ်ရင် ရွေးတဲ့အဖွဲ့ မေးလို့ရတယ်။
တရားစွဲလို့ရတယ်" ဟု ဦးစိုးသိမ်းက ဆိုသည်။
ဆက်သွယ်ရေးလိုင်စင်
ရွေးချယ် ပေးအပ်ရာတွင် နိုင်ငံနှင့် ပြည်သူအကျိုး အတွက် အဘက်ဘက်က
လေ့လာသုံးသပ်ပြီး နိုင်ငံတကာစံနှုန်း များအတိုင်း ရွေးချယ်
ပေးအပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် ပယောဂမျှ ပါဝင်ခြင်းမရှိဘဲ စည်းမျဉ်း
စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာမှု အရှိဆုံးလုပ်ငန်း တစ်ခုအဖြစ်
ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က
ပြောကြားသည်။
ဆက်သွယ်ရေးလိုင်စင် အတွက် ငွေကြေးအင်အား
တောင့်တင်းမှုတစ်ခု တည်းဖြင့်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ
ရွေးချယ်ရေးစည်းကမ်းပေါင်း ၂၀၀ ကျော်ရှိ ကြောင်း၊ ထိုအထဲမှ ပြည်သူအတွက်
အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်မည်ဟု ယူဆသူကိုသာ အသေအချာ
ရွေးချယ်ခြင်းဖြစ်ကြောင်း တင်ဒါကော်မတီ ထံမှ စုံစမ်းသိရှိရသည်။
ကာတာကုမ္ပဏီ Ooredoo ဆက်သွယ်ရေးလိုင်စင် ရရှိသွားခြင်းမှာ အကြံပေးအဖွဲ့
Roland Berger ၏ အမှတ်ပေးစည်းမျဉ်း များကို ကြိုတင်သိရှိနေပြီး အဆိုပါအမှတ်
ပေးစနစ်အရ အမှတ်အများဆုံး ရရှိအောင် ဆောင်ရွက်သွားခြင်း ဖြစ်သည်ဟု
မိမိတို့ ကြားသိရကြောင်း ဆက်သွယ်ရေးလိုင်စင် ဝင်ရောက်ယှဉ်ပြိုင်သည့်
ပြည်တွင်းကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ပြည်ပဆက်သွယ်ရေး ဝန်ဆောင်မှု
လုပ်ငန်းကုမ္ပဏီ နှစ်ခုကို အဆင့်ဆင့်စိစစ် ရွေးချယ်ကာ လုပ်ငန်းလိုင်စင်
ပေးအပ်ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့်
ပြည်ပအဖွဲ့အစည်း ၁၁ ခုမှ နော်ဝေကုမ္ပဏီ Telenor နှင့် ကာတာ ကုမ္ပဏီ Ooredoo
ကို ရွေးချယ် ပေးအပ်ခဲ့သည်။
No comments:
Post a Comment