လားရှိုးပဋိပက္ခပါဝင်သူ ၂၉ ဦးကို ခြေချုပ်ခြောက်လ ပြစ်ဒဏ်ချ
ရန်ကုန်၊ ဇွန် ၁၃
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်
ပါဝင်ပတ်သက်ခဲ့သူ ဒေသခံ ၂၉ ဦးကို တရားစွဲဆိုပြီး တစ်ရက် အကြာတွင်
မြို့နယ်တရားရုံးက ခြေချုပ်မိန့်ဖြင့် ခြောက်လ ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း
လားရှိုးမြို့မှ ရှေ့နေတစ်ဦးက ပြောကြားသည်။
လားရှိုးမြို့တွင် မေလ
၂၈ ရက်နေ့က အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီပက် မီးရှို့ခဲ့ရာမှ
စတင်ကာ နှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှုများတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု
ယူဆရသဖြင့် ဖမ်းဆီးခံရသူ ၆၀ အနက် ၂၉ ဦးကို ယင်းသို့
ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ခြေချုပ်အမိန့် ပြစ်ဒဏ်
ချမှတ်ခံရသော ယင်းလားရှိုးဒေသခံ ၂၉ ဦးသည် ပြစ်ဒဏ် ချခံထားရသည့် ခြောက်လတာ
ကာလအတွင်း ၁၄ ရက်လျှင် တစ်ကြိမ် ကောင်းမွန်စွာ နေထိုင်ကြောင်း သက်ဆိုင်ရာ
ရဲတပ်ဖွဲ့စခန်းထံ သတင်းပို့ရမည်ဖြစ်ကြောင်း အထက်ပါရှေ့နေက ဆိုသည်။
တရားခံကို စီရင်ချက်ချရာတွင် လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် တရား
စီရင်ရေး ဥပဒေတို့အရ ခုခံချေပပိုင်ခွင့် အပြည့်အဝ ပေးရမည်ဖြစ်ကြောင်း
တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး ကော်မတီမှ ဒုတိယဥက္ကဋ္ဌ
ဦးဝင်းမြင့်က တရားစွဲဆိုပြီး တစ်ရက်အကြာ တွင် အမိန့်ချမှတ်မှုအပေါ် သုံးသပ်
ပြောကြားသည်။
အဆိုပါ ၂၉ ဦးကို လားရှိုးမြို့ အမှတ် (၁) နှင့်
အမှတ် (၂) ရဲတပ်ဖွဲ့စခန်းက ဇွန်လ ၁၂ ရက်နေ့တွင် ခြေချုပ်နှင့် ခံဝန်
အက်ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး
ယင်းနေ့တွင် တရားလို သက်သေများဖြစ်သည့် ရဲတပ်ဖွဲ့ အရာရှိများနှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူး များကို မြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့သည်။
အမျိုးသမီးတစ်ဦးကို ဓာတ်ဆီလောင်း မီးရှိုခဲ့ပြီး လားရှိုးပဋိပက္ခကို
ဖြစ်ပွားစေသော ဦးနေဝင်းကို လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက်နေ့တွင်
ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။
လာရှိုးမြို့တွင် မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူတစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာ ရရှိခဲ့သည်။.......The Voice Weekly ·
No comments:
Post a Comment