မြိတ်တွင် သင်္ကန်းဝတ် အလှူခံအတုများ ဖမ်းမိ
မြိတ်၊ ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင် နယ်မြေတွင် ဇွန်လ ၁၂ ရက် နေ့က
သင်္ကန်းဝတ်ဖြင့် လိုက်လံ အလှူခံပြီး မူးယစ်သောက်စားသည့် ရဟန်းတုသုံးဦး၊
ကိုရင်တု သုံးဦး၊ ကပ္ပိယ အယောင်ဆောင် နှစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦးကို
ဖမ်းဆီးခဲ့ကြောင်း မြိတ်တောင်ကျေးရွာ ပါရမီ ၂ ရပ်ကွက် ဒေသခံများထံမှ
သိရသည်။
ရပ်ကွက်များတွင် သင်္ကန်းဝတ်ဖြင့် လိုက်လံအလှူခံပြီး
မူးယစ်သောက်စားသူ များကို ဒေသခံများ၏ သတင်းပေးပို့ချက် အရ မြိတ်ခရိုင်
သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူး များက ဇွန်လ ၁၂ ရက်နေ့ ည ၁၀ နာရီ
အချိန်ခန့်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ဖြစ်သည်။
ဖမ်းဆီးအရေးယူ ခံရသူများသည် ဇွန်လ ၁၂ ရက်နေ့ ည ၁၀နာရီ အချိန်တွင်
မြိတ်မြို့ မြို့မရပ်ကွက် (၂) ရှိမြတ်နိဗ္ဗာန် ဘုန်းတော်ကြီးကျောင်းနှင့်
လူနေအိမ် အချို့တွင် သင်္ကန်းဝတ်ဖြင့် နေထိုင်ပြီး အရက်ဘီယာ များနှင့်
ညစာများ ချက်ပြုတ်ကာ ဝိုင်းဖွဲ့သောက်စား နေစဉ် ဝင်ရောက်ဖမ်းဆီးခဲ့
ခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာ မြို့မ (၂) ရပ်ကွက်မှ
မီးသတ်တပ်ကြပ်ကြီး ဦးရန်သိန်းက ပြောသည်။
"မြိတ်မှာ အလှူခံအတုတွေ
ပေါလာတယ်။ အရေးယူဆောင်ရွက်မှု အပိုင်းမှာ အားနည်းသေးတယ်" ဟု မြိတ်မြို့
ဆိပ်ငယ်ရပ်ကွက် အုပ်ချူပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ထိုဖမ်းဆီးခံရသည့်သူ ရှစ်ဦးတွင် ကိုရင်ငယ်လေး အယောင်ဆောင်ထားသည့် အသက်
မပြည့်သေးသည့် ကလေးသုံးဦး ပါဝင်ပြီး ဖမ်းဆီးရမိချိန်တွင် ကော်ရှူနေကြ ပြီး
အသက်မပြည့်သေးသည့် သူများကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဦးရန်သိန်းက
ပြောသည်။
ကျန်ငါးဦးကို အရက်သေစာသောက် စားခြင်း၊
သံဃာတော်များနှင့် မအပ်စပ်သည့် အပြုအမှုများ ပြုလုပ်သည်ကို သက်သေခံများနှင့်
အတူ ဖမ်းဆီးရမိခြင်းကြောင့် သာသနာတော် ညှိုးနွမ်းအောင် ဆောင်ရွက်
သည့်အတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)အရ အမှုဖွင့် အရေးယူထားသည်ဟု မြိတ်မြို့
ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိအချို့ ထံမှ သိရသည်။
ယင်းကို
အတည်ပြုရန် ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် မြို့နယ်
ရဲစခန်းသို့ သွားရောက် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက ယင်းအမှုမျိုး
ဖြစ်ပွားမှု မရှိခဲ့ကြောင်း၊ နောက်နောင်တွင် အစိုးရဌာန ဆိုင်ရာမှလွဲ၍
မည်သည့်သတင်းမီဒီယာ ဌာနကိုမှ သတင်းပေးမည် မဟုတ်ကြောင်း ယင်းနေ့
တာဝန်ကျရဲအရာရှိ နှင့် မှုခင်းမှတ်တမ်းရုံး စာရေးက ပြောဆိုသည်။
No comments:
Post a Comment