MRTV-4 ၏ Flowers & Butterflies ရုပ်သံဇာတ်လမ်းတွဲ အတွက်
သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး လူသိ များလာသည့် သရုပ်ဆောင်မေဇွန် (ခ)
မမျိုးဇာနည်ညွန့် ကို ဇွန်လ ၁၀ရက်နေ့ မွန်းလွဲပိုင်းတွင်
အနောက်ပိုင်းခရိုင် တရားရုံး က လူသတ်မှု၊ မတရားချုပ်နှောင်မှု၊ နာကျင်
စေမှုတို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်နှင့်လေးလ ချမှတ်ခဲ့ကြောင်း
အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။
မှုခင်းဆရာဝန်၏ ဆေးစာတွင်
အိမ်အကူဖြစ်သည့် သေဆုံးသူ မနုနုလွင်၏ ခန္ဓာကိုယ် အနှံ့အရေပြားအောက်တွင်
သွေးခြည်ဥ ဒဏ်ရာများ တွေ့ရပြီး အဆိုပါ ဒဏ်ရာများကြောင့် ကျောက်ကပ်
ပျက်စီးကာ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ဖြစ်ပေါ်၍
သေဆုံးခဲ့သည်ဟု ပါရှိပြီး ပတ်ဝန်းကျင် သက်သေများကလည်း စိတ်အလိုမကျပါက
ရိုက်နှက်သည်ဟု ထွက်ဆိုခဲ့သဖြင့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ( ၂ ) အရ
အလုပ်နှင့် ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။
ပုသိမ်တက္ကသိုလ်တွင်
စာတမ်းဖတ်ပွဲ သွားရောက်ပြီး နောက်တစ်ရက်တွင် သော့နှစ်စုံလုံး ပါလာသည်ကို
သိရှိသော်လည်း မနုနုလွင်ကို အိမ်အပြင်သို့ ထွက်စေရန် မပြုလုပ်နိုင်ခဲ့သည့်
အတွက် မတရားချုပ် နှောင်ထားခြင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ-၃၄၂ အရ ထောင်ဒဏ် သုံးလချမှတ်ခဲ့သည်။
ထို့ပြင်
ပတ်ဝန်းကျင်သက်သေများ ထွက်ဆိုချက်အရ မနုနုလွင် မသေဆုံးခင် ၁၀ ရက်ခန့်က
၎င်း၏ မျက်ခုံးအနီး ညိုမည်း ဒဏ်ရာတွေ့ရှိခဲ့ပြီး အိမ်ရှင်ဖြစ်သူ မေဇွန်က
၎င်းတို့ကို စိတ်အလိုမကျပါက ကြက်မွေး တံမြက်စည်းဖြင့် နာကျင်အောင်
ရိုက်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ- ၃၂၃ အရ
ထောင်ဒဏ် တစ်လချမှတ်ခဲ့ပြီး ထိုပြစ်ဒဏ်များထဲမှ တရားရင်ဆိုင်စဉ်
ချုပ်နှောင်ထားသည့် နေ့ရက် ကိုးလကျော်ကို ထုတ်နုတ်ခံစား စေခဲ့သည်။
ထိုကဲ့သို့
အမိန်ချမှတ်မှုကို တိုင်း တရားရုံးသို့ အယူခံဝင်ရန် ဆက်လက်ကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်
တရားလွှတ်တော် ရှေ့နေ ဦးအောင်မြင့်က The Voice သို့ပြောကြားသည်။
မေဇွန်နှင့်
သေဆုံးသူမနုနုလွင်မှာ တစ်ရွာတည်းနေသူ ဖြစ်ကာ မိဘချင်း ရင်းနှီးကြပြီး
မေဇွန်မှာ ရန်ကုန်တွင် တစ်ဦးတည်း နေထိုင်သည့်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၂၅
ရက်နေ့ ကစ၍ အသက် (၁၈)နှစ် အရွယ်မနုနုလွင်ကို အဖော်အဖြစ် ခေါ် ထားခဲ့ကြောင်း၊
အစပိုင်းတွင် ညီအစ်မအရင်း အချာကဲ့သို့ ဆက်ဆံခဲ့သော်လည်း
ပိုက်ဆံပျောက်ခြင်း၊ အဝတ်များပျောက်ခြင်းများ ရှိသောကြောင့် အသက် ၁၄
နှစ်အရွယ် မဇင်ဇင်ထိုက်ကို ထပ်မံ ခေါ်ယူကာ နေထိုင်ခဲ့ကြောင်း အဆိုပါ
တရားရုံးတွင် သရုပ်ဆောင် မေဇွန်က ထွက်ဆိုခဲ့သည်။
ကမာရွတ်မြို့နယ်
(၁) ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ၁၈
နှစ်အရွယ် အိမ်အကူ မိန်းကလေး သေဆုံးမှုတွင် အိမ်ရှင်ဖြစ်သူ မေဇွန် ( ခ )
မမျိုးဇာနည်ညွန့်က အတူ နေထိုင်ခဲ့သော အိမ်အကူများကို စိတ်အလို မကျပါက
ညှဉ်းပန်း နှိပ်စက်ခြင်းများ ရှိပြီး တစ်ခါ တစ်ရံပါးရိုက်ခြင်း၊
ဆံပင်ဆောင့်ဆွဲ၍
ကြမ်းပြင်နံရံ များနှင့် ရိုက်ခြင်း၊ နှစ်တစ်လက်မ
တုတ်ဖြင့် ကျောကုန်းကို ရိုက်နှက်ခြင်း၊ ပက်လက်လှန်ခိုင်း၍ ဗိုက်ပေါ်
တက်ခုန်မှုများအပြင် ကိုယ်တိုင် မရိုက်ချင်ပါက အိမ်အကူနှစ်ဦးကို ကြက်မွေး
တစ်ယောက်တစ်ချောင်းစီ ပေး၍ ၄င်းစိတ်ကျေနပ်သည် အထိ အပြန်အလှန်
ရိုက်ခိုင်းခဲ့သောကြောင့် အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှု ဆိုင်ရာ
ဥပဒေပုဒ်မ ၃၄၂၊ ၃၂၃၊ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှုထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly
No comments:
Post a Comment